ကနေဒါနိုင်ငံတွင် တရုတ်နိုင်ငံပိုင် TikTok app အသုံးပြုခွင့်ကို တားမြစ်ပိတ်ပင်လိုက်ကြောင်း ယင်း app သည် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် လုံခြုံရေးများအတွက် အန္တရာယ်ရှိသောကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကနေဒါအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
TikTok app အသုံးပြုခွင့်ကို တားမြစ်ပိတ်ပင်လိုက်ခြင်းကြောင့် တရုတ်နှင့် ကနေဒါနိုင်ငံကြား တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။ အစိုးရသည် ကနေဒါနိုင်ငံသားများ၏ ကိုယ်ရေးကိုယ်တာအချက် အလက်များ ဘေးကင်းလုံခြုံစေရန်အတွက် သေချာဂရုတစိုက်လုပ်ဆောင်နေကြောင်း ကနေဒါဝန်ကြီးချုပ် ထရုဒိုး က ပြောကြားခဲ့သည်။ ထရုဒိုးက "TikTok app အသုံးပြုမှုကို တားမြစ်ပိတ်ပင်လိုက်ခြင်းဟာ ပထမခြေလှမ်း ဖြစ်နိုင် သလို ကျွန်တော်တို့ လုပ်ကိုလုပ်ရမယ့် ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။
တားမြစ်ပိတ်ပင်မှုများသည် ဖေဖော်ဝါရီ(၂၈)ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး အစိုးရဝန်ထမ်းများကိုလည်း TikTok app ဒေါင်းလုဒ်ဆွဲခြင်းမှ ပိတ်ပင်သွားမည်ဖြစ်ကြောင်း ကနေဒါဘဏ္ဍာရေးဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်များ အရ သိရသည်။ TikTok ၏ ဒေတာစုဆောင်းမှုနည်းလမ်းများသည် မိုလ်ဘိုင်းဖုန်း၏ အကြောင်းအရာများကို သိသိသာသာ သိမ်းယူထားကြောင်း ဘဏ္ဍာရေးဘုတ်အဖွဲ့ဥက္ကဋ္ဌ Mona Fortier က ပြောကြားခဲ့သည်။
Mona Fortier က "TikTok app ကို အသုံးပြုခြင်းရဲ့အန္တရာယ်တွေက ရှင်းရှင်းလင်းလင်းသိသာပေမယ့် အစိုးရရဲ့ အချက်အလက်တွေကို အပေးအယူလုပ်တာမျိုးနဲ့ပတ်သက်ပြီး သက်သေအထောက်အထားတော့ မရှိပါဘူး" ဟု ပြောဆိုခဲ့သည်။
ကနေဒါအစိုးရ၏ဆုံးဖြတ်ချက်များကြောင့် စိတ်ပျက်မိကြောင်း TikTok app ကုမ္ပဏီတာဝန်ရှိသူများက အစောပိုင်း တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ ထို့အပြင် ဥရောပသမဂ္ဂ နှင့် အမေရိကန်တို့တွင် TikTok app ကို ပိတ်ပင်လိုက်ပြီး နောက် ကနေဒါနိုင်ငံကလည်း အလားတူပိတ်ပင်မှုမျိုးလုပ်ရန် ဘာကြောင့်ဆုံးဖြတ်ခဲ့သည်ကို သိချင်မိကြောင်း လည်း ၄င်းက ထပ်မံပြောကြားခဲ့သည်။ ဥရောပကော်မရှင်သည် ပြီးခဲ့သည့်သီတင်းပတ်က အလားတူပိတ်ပင်မှုမျိုး လုပ်ဆောင်ခဲ့သလို အမေရိကန်အထက်လွှတ်တော်က အစိုးရဝန်ထမ်းများကို အစိုးရပိုင်စက်ပစ္စည်းများတွင် TikTok app အသုံးပြုခြင်းမှတားမြစ်ရန် ဥပဒေမူကြမ်းကို အတည်ပြုခဲ့ကြောင်း သိရသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ သည်လည်း ၂ဝ၂ဝ ပြည့်နှစ်တွင် မိုလ်ဘိုင်းဖုန်းများမှာ TikTok အသုံးပြုမှုကို ပိတ်ပင်ခဲ့ကြောင်းလည်း သိရသည်။
Post a Comment